mother's son: လောက၏အစကို ရှာဖွေခြင်း

Wednesday, April 30, 2008

လောက၏အစကို ရှာဖွေခြင်း

လောက၏ အစကို ရှာဖွေခြင်းနှင့်..ကမ္ဘာကြီးကို ဘယ်သူဖန်ဆင်းသလဲစသော..ကျွန်တော်ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သော..အကြောင်းအရာတစ်ခုပါ။ အခု စာမေးပွဲပြီးလို့ အင်တာနက်မှာ ဖတ်စရာစာအုပ်ရှာဖွေရင်း..စာရေး ဆရာဝင်းသိန်းဦး ရေးသားတဲ့ ဒီစာတမ်းကိုတွေ့ရှိခဲ့ပါတယ်။ ကျွန်တော်ဖတ်ရှုပြီး..သိလိုသူတို့ လေ့လာ/ဖတ်ရှုလိုက လေ့လာ/ဖတ်ရှုနိုင်ရန်..

ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ဤလောကကြီးသည် မည်သို့စတင်ပေါ်ပေါက်လာခဲ့ပါသနည်း။ မည်သို့သော အကြောင်းအားဖြင့် ချုပ်ငြိမ်းလိမ့်မည်နည်း။
ဤအမေးပုစ္ဆာများသည် လူသားတို့အတွက် အသစ်အဆန်း မဟုတ်တော့ပေ။ လူဟု သတ်မှတ်နိုင်လောက်သော အသိဉာဏ်အဆင့် အတန်းကို ပိုင်ဆိုင်လာခဲ့သည့်ကာလမှစ၍ လူ့သမိုင်းတစ်လျှောက် တွေးဆ အဖြေရှာခဲ့ကြသော အမေးပုစ္ဆာများပင် ဖြစ်ပါသည်။
ခေတ်အဆက်ဆက်တွင် အယူဝါဒအမျိုးမျိုးက အဖြေအမျိုးမျိုးပေးခဲ့ကြသည်။ ဗုဒ္ဓ၀ါဒမှအပ အခြားအခြားသော ဘာသာအယူဝါဒ အတော်တော်များများသည် ယင်းအမေးပုစ္ဆာများအား ဖြေဆိုခြင်းအပေါ် အခြေခံ၍ တည်ဆောက်ထားခဲ့ကြောင်း တွေ့ရှိရပေလိမ့်မည်။
လူသားတို့သည် မိမိတို့ဉာဏ်မမှီသော ပြဿနာများအတွက် အဖြေကို ဘာသာတရားတွင် သွားရောက်ရှာဖွေလေ့ရှိကြသည်။ ထို့ကြောင့်လည်း “သိပ္ပံပညာ၏အဆုံးတွင် ဘာသာတရားသည်စတင်၏”ဟူသော အဆိုပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကမ္ဘာ့ရှေးအကျဆုံးနှင့် ယခုထက်တိုင် သက်ဝင်လှုပ်ရှားနေဆဲဘာသာ အယူဝဒါတစ်ခုဖြစ်သည့် ဂျူးဘာသာ၏ ထောရ်ကျမ်းစာမှ ပထမဦးဆုံးကျမ်းငယ်တစ်ခုဖြစ်သော ကမ္ဘာဦးကျမ်းတွင် လောကကြီးနှင့်တကွ သက်ရှိသက်မဲ့အားလုံးကို ယေဟောဝါဘုရားက ဖန်ဆင်းခဲ့ကြောင်း အတိအလင်း ဖော်ပြထားခဲ့လေသည်။
ဂျူးဘာသာကို အရင်းခံ၍ ဖြာထွက်လာခဲ့သော ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ကလည်း ယင်းအယူအဆကိုပင် လက်ဆင့်ကမ်း ခံယူထားခဲ့ကြ၏။ ဟိန္ဒူဘာသာကလည်း လောကကြီး၏ အစသည် မဟာဗြဟ္မာကြီး၏ ဖန်းဆင်းမှုပင်ဖြစ်သည်ဟု ဆိုထားခဲ့၏။
ဘသာစကား အသုံးအနှုန်းပေါ်လိုက်၍ ယေဟောဝါ၊ ဂေါ့ဒ်၊ အလ္လာ၊ မဟာဗြဟ္မာကြီး၊ ထာဝရဘုရားသခင်ဟု အမျိုးမျိုးမှည့်ခေါ်နေကြသော်လည်း အနှစ်သာရအားဖြင့်မှု လောက၏ဖန်ဆင်းရှင် တစ်ဆူတည်းသော ထာဝရဘုရားသခင်ကိုသာ ရည်ညွှန်းခဲ့ကြလေသည်။ လောကသည် ထာဝရဘုရားသခင်၏ အလိုတော်အရ ဖန်ဆင်းမှုဖြင့်စတင်ခဲ့ပြီး သူ၏ ဖျက်သိမ်းခြင်းဖြင့်သာ ပျက်စီးချုပ်ငြိမ်း အဆုံးသတ်လိမ့်မည်ဟု ထိုဘာသာတရားအားလုံးက လက်ခံယုံကြည်ထားကြလေသည်။
ကျွန်ုပ်တို့ ယုံကြည်ဆည်းကပ် ကိုးကွယ်ကြကုန်သော ရှင်တော်မြတ်ဗုဒ္ဓက လောက၏အစ၊ လောက၏အဆုံးတို့နှင့် စပ်လျဉ်း၍ မည်သို့မြွတ်ကြားတော်မူခဲ့ပါနည်း။
မြတ်ဗုဒ္ဓက “ငါသည် လောက၏အစဟု သိအပ်သောတရာကိုလည်း သိ၏။ ထိုထက်အလွန်မြတ်သော တရားကိုလည်း သိ၏။ ထိုသို့ သိသော်လည်း မှားသောအားဖြင့် မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်ခြင်းကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်ကိုယ်ကျ သိ၏။ ယင်းသို့သိသော ငါဘုရားသည် ဆင်းရဲခြင်းသို့ မရောက်နိုင်တော့ပေ”။ (ဒီဃနိကာယ်၊ ပါထိကသုတ်)ဟု ဟောကြားခဲ့သည်။
ထိုသို့ ဟောကြားရာတွင် “လောက၏အစဟု သိအပ်သောတရာကိုလည်း သိ၏”ဟု ဆိုလိုခြင်းသည် ”လောကတွင် အစရှိ၏”ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သတိပြုရန်လိုပါသည်။ ထိုစဉ်က လောက၌ အစရှိ၏ဟုသာ ယူဆစွဲလမ်းနေသော အတ္တ၀ါဒီပရဗိုဇ်တစ်ဦး နားလည်လွယ်စေရန် လောက၏အစဟု သိအပ်သောတရားဟု ဆိုခဲ့ခြင်းဖြစ်သည်။
လောက၏အစနှင့် ပတ်သက်၍လည်းကောင်း၊ အဆုံးနှင့်ပတ်သက်၍လည်းကောင်း မသို့စ၍ မည်သို့ဆုံးမည်ဆိုသည့် မေးခွန်းကို ဗုဒ္ဓသည် ဖြေဆိုရန် ငြင်းပယ်ခဲဖူး၏။ အဘယ့်ကြောင့်ဆိုသော် ယင်းမေးခွန်းများသည် ဗုဒ္ဓ၏အနတ္တဒေသနာကို သဘောမပေါက်သေးသူများ အတွက်သာဖြစ်သောကြောင့်ပါပေ။
လောက၏ဖြစ်စဉ်အပေါ် မှန်ကန်စွာသုံးသပ်ခြင်းအားဖြင့် လောကသည် အနှစ်သာရက်င်းမဲ့၏ဟူသည့် အနတ္တတရားကို သဘောပေါက်နားလည်ပါက လောက၏အစဟု သိအပ်သောတရားထက် သာလွန်မြင့်မြတ်သော ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးရာတရားကို ရရှိလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
ထို့အပြင် ဗုဒ္ဓက လောကကို ဗြဟ္မာကြီး(ခေါ်)ထာဝရဘုရားသခင်က ဖန်းဆင်းခြင်းဖြင့် စတင်သည်ဟူသော မှားယွင်းသည့် အယူအဆမည်သို့ ပေါ်ပေါက်လာကြောင်းကိုလည်း မြွတ်ကြားခဲ့လေသည်။
ဤကမ္ဘာလောကကြီးသည် ပျက်စီးပြီး၍ ကာလကြာမြင့်သောအခါ တစ်ဖန်ပြန်၍ ဖြစ်တည်လတ်သော် အာဘဿရာဗြဟ္မာဘုံမှ သတ္တ၀ါတစ်ဦးသည် သတ္တ၀ါဆိတ်သုန်းနေသော ဗြဟ္မာဗိမာန်တစ်ခု၌ ဖြစ်ပေါ်လေ၏။ ထိုဗြဟ္မာသည် ဈာန်စိတ်ဖြင့်ပြီးလျှက် ကောင်းကင်၌ ကျက်စား၏။ တင့်တယ်သော နေရာရှိ၍ ကာလကြာမြင့်စွာတည်၏။
ထိုဗြဟ္မာသည် ကာလကြာမြင့်စွာ တစ်ဦးတည်းနေသောအခါ၌ ငြီးငွေ့လာပြီး အခြားသောသတ္တ၀ါတို့သည်လည်း ဤဘုံသို့ရောက်လာကြပါမူ ကောင်းလေစွဟု တော့တ၏။ ယင်းသိုံ တောင့်တပြီး မကြာမီပင် အခြားသတ္တ၀ါတို့သည်လည်း ကံအားလျှော်စွာ ထိုဘုံသို့ရောက်လာကြသည်။ ထိုအခါ ပမထဗြဟ္မာကြီးအား “ဤသူတို့သည် ငါဖန်းဆင်း၍ ဖြစ်ပေါ်လာကြရကုန်၏”ဟု အကြံဖြစ်၏။ နောက်မှ ဖြစ်ပေါ်လာသော သတ္တ၀ါတို့ကလည်း “ဤသူသည် ငါတို့၏ ဖန်ဆင်းရှင်ဖြစ်၏” ယုံကြည်သွားကြလေသည်။ အကြောင်းမှာ ပထမဗြဟ္မာကြီးသည် သူတို့ထက်ပို၍ အသက်ရှည်သည့်အပြင် ရုပ်အဆင်းတန်ခိုးအရှိန်အ၀ါ အားဖြင့်လည်း သာလွန်သောကြောင့် ဖြစ်ပေသည်။
တစ်ဖန် ဗြဟ္မဘုံသို့ နောက်ရောက်လာသော ဗြဟ္မာတို့အနက်မှ တစ်ဦးသည် ဗြဟ္မာဘုံမှစုတေ၍ လူ့ဘုံသို့ရောက်လာ၏။ သူသည် ရသေ့ရဟန်းဝတ်၍ တရားအားထုတ်ရာမှ ဈာန်အဘိညာဉ်ကို ရရှိသဖြင့် ဗြဟ္မာဘုံ၌ မိမိဖြစ်ခဲ့ရပုံကို ပြန်ပြောင်း၍ ဆင်ခြင်အောက်မေ့လေ၏။ ထိုအခါ မိမိတို့ မရောက်မီက ရှိနေခဲ့သော ဗြဟ္မာကြီးမှာ ယခုထက်တိုင် ရှိနေသေးသည်ကို မြင်ရသဖြင့် ထိုဗြဟ္မာကြီးသည် မပျက်မစီး၊ အမြဲတည်နေသူဖြစ်ပြီး မိမိတို့မှာမူ အမြဲမတည်သူများ ဖြစ်သည်ဟု ယုံကြည့်ယူဆလေတော့သည်။ ဤသို့ဖြင့် လောက၏ အစသည် ဖန်ဆင်းရှင်ဗြဟ္မာဖြစ်သည်ဟူသော ပြောဆိုပညတ်ခြင်းသည် ဖြစပေါ်လာပေ၏
(ဒီဃနိကာယ်၊ ပါထိကသုတ်)ဟု ဟောကြားခဲ့လေသည်။
တစ်ဖန် “လောကသည် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်လာခဲ့သည်”ဟူသည့် အယူအဆသည်လည်း မှားယွင်းကြောင်းကို ဗုဒ္ဓက-
သိမှတ်မှုသညာ ကင်းမဲ့သဖြင့် အသညသတ္တအမည်ရှိ ဗြဟ္မာများ ရှိကြ၏။ ထိုဗြဟ္မာတို့သည် သညာဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်းဗြဟ္မာ့ဘုံမှ စုတေကြ၏။ ယင်းသို့ စုတေသော သတ္တ၀ါတစ်ဦးသည် လူ့ဘုံသို့ရောက်ပြီး ရသေ့ရဟန်းဝတ်၍ တရားအားထုတ်ရာ ဈာန်အဘိညာဉ်ရရှိ၍ မိမိဘ၀ဖြစ်ပေါ်လာပုံကို ဆင်ခြင်အောက်မေ့လေသည်။ ထိုအခါ သူက “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏။ အဘယ့်ကြောင့်ဆိုသော် ငါသည် ရှေ့ကမရှိခဲ့ဘဲ ယခုမှ ထင်ရှား ရှိလာသောကြောင့်ဖြစ်သည်” ဟု ပြောဆိုလေ၏။ ဤသို့လျှင် လောကသည် အကြောင်းမဲ့ ဖြစ်ပေါ်လာသည်ဟူသော အယူဝါဒသည် ပေါ်ပေါက်လာပေ၏ဟု ဟောကြားခဲ့ပါသည်။
သို့ဆိုလျှင် လောက၏အစ၊ လောက၏ အဆုံးတို့နှင့်ပတ်သက်၍ ဗုဒ္ဓ၏ အယူအဆကား ဘယ်သို့နည်း။ ယင်းအမေးပုစ္ဆာများသည် အနတ္တ၀ါဒီ ဗုဒ္ဓဘာသာဝင်တို့အတွက် မလိုအပ်သော အမေးပုစ္ဆာများသာ ဖြစ်ပေသည်။
လောကကို ထာဝရဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟူသော အယူအဆသည်လည်းကောင်း၊ လောကသည် အကြောင်းမဲ့ဖြစ်ပေါ်လာသည်ဟူသော အယူအဆသည်လည်းကောင်း အတ္တ၀ါဒရပ်တည်မှုအတွက် အခြေခဲအုတ်မြစ်များသာ ဖြစ်ပေသည်။
အတ္တ၀ါဒကို ယေဘုယျအကြမ်းဖျင်းအားဖြင့် ၀ိညာဏ၀ါဒ (သို့) နာမ်ဝါဒနှင့်ရုပ်ဝါဒဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ၀ိညာဏ၀ါဒ (သို့) နာမ်ဝါဒဆိုသည်မှာ ထာဝရမဖောက်မပြန်၊ အဆုံးအစမရှိတည်နေပြီး ယင်းဝိညာဉ်တော်၏တန်ခိုးဖြင့် လောကကြီးဖြစ်တည်လာရသည်။ ယင်းဝိညာဉ်တော်သည်သာ သက်ရှိသက်မဲ့အရာအားလုံး၏ အမမြုတေဖြစ်သည်၊ အနှစ်သာရဖြစ်သည်၊ အတ္တဖြစ်သည်ဟု ယူဆသောဝါဒဖြစ်၏။
ရုပ်ဝါဒမှာမူ လောက၏အစသည် ရုပ်ဖြစ်သည်။ ရုပ်သည်သာအစဉ်မပြောင်းလဲ မဖောက်ပြန်၊ တည်တံ့ခိုင်မြဲသော အနှစ်သာရဖြစ်သည်၊နာမ်ဟူသည် ရုပ်၏အမြင့်မားဆုံး စွမ်းအင်တစ်ရပ်သာဖြစ်သည်၊ ရုပ်သည်သာ အတ္တဖြစ်သည်ဟု ယူဆသောဝါဒဖြစ်၏။
ယင်းဝါဒနှစ်ရပ်သည် လောက၏ အစသည် နာမ်ဖြစ်သည်၊ ရုပ်ဖြစ်သည်ဟု အငြင်းအပွားနေကြသော်လည်း ယင်းတို့၏ တူညီသောယူဆချက်မှာကား လောကတွင် အစဉ်မဖောက်ပြန်၊ မပြောင်းလဲဘဲ အမြဲတည်တံ့ခိုင်မာနေသော အမြုတေအနှစ်သာရရှိသည်၊ တစ်နည်းဆိုသော် အတ္တရှိသည်ဟု ယူဆထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အတ္တ၀ါဒ ခိုင်မာနိုင်ရန်အတွက် လောကတွင် အစရှိသည်၊ အဆုံးရှိသည်ဟူသော ယူဆချက်ကို ထူထောင်ခဲ့ရခြင်း ဖြစ်သည်။
အနတ္တ၀ါဒီ ဗုဒ္ဓဘုရားကမူ ဤလောကကြီးတွင် မည်သို့မျှ ထုခွဲဖျက်ဆီး၍ မရသော အစဉ်မဖောက်မပြန် မပြောင်းမလဲတည်ရှိနေသည့် အမာခံအနှစ်သာရဟူသည် မရှိကြောင်း၊ တစ်နည်းဆိုသော် လောက၏အမာခံအနှစ်သာရသည် နာမ်လည်းမဟုတ်၊ ရုပ်လည်းမဟုတ်ကြောင်း၊ လောကတွင် အတ္တဟူသည် မရှိကြောင်း ကြေညာခဲ့ပြီးဖြစ်၏။ လောကကြီးသည် အနှစ်သာရမရှိဘဲ အစဉ်မတည်မြဲ၊ ဖောက်ပြန်ပြောင်းလဲနေသော ဖြစ်ပျက်မှု အစဉ်အတန်းကြီးတစ်ရပ်ဟုသာ ဗုဒ္ဓကရှုမြင်ခဲ့သည်။ ဗုဒ္ဓဘုရား၏ အလိုအရ သက်ရှိသတ္တ၀ါများပါဝင်သည့် သတ္တလောကနှင့် ယင်းတို့မှီခိုပေါက်ဖွားရာ ရုပ်ပတ်ဝန်းကျင်ဖြစ်သော သြကာသလောကတို့သည် အမြဲဖောက်ပြန်ပြောင်းလဲနေသော သင်္ခါရလောက၏ အဖွဲ့ဝင်များသာလျှင် ဖြစ်သည်။
အချက်ကို မျက်မှောက်ခေတ် သိပ္ပံပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များကလည်း လက်ခံလာခဲ့ကြရပြီ ဖြစ်သည်။
သူတို့၏ လေ့လာတွေ့ရှိချက်များအရ ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ဤကမ္ဘာမြေအပါအ၀င် ဂြိုဟ်ကြီးကိုးလုံး၊ အရံဂြိုဟ် (၄၃)လုံးဖြင့် ဖွဲ့စည်းထားသော နေအဖွဲ့အစည်းကဲ့သို့သော နေအဖွဲ့အစည်းပေါင်း သိန်းသန်းကုဋေကုဋာချီ၍ မဟာစကြ၀ဠာ သမုဒ္ဒရာကြီးအတွင်းးဝယ် လွင့်မျောလျက် ရှိနေကြသည်။ ယင်းသို့ လွင့်မျောနေသော နေအဖွဲ့အစည်းပေါင်း သိန်းချီစုစည်းထားသည့် အစုတစ်စုကို ဂယ်လက်ဆီဟုခေါ်သည်။ ယင်းဂယ်လက်ဆီတစ်ခုတွင် ကြယ်သန်းပေါင်း တစ်သိန်းအထိ ပါဝင်နိုင်သည်။ ကြယ်များဖြင့် ပြွတ်သိပ်နေရာ အဝေးမှကြည့်လျှင် တစ်လုံးချင်းခွဲမရနိုင်ဘဲ ဖြူဖွေးနေသော အခိုးအငွေ့ကဲ့သို့လည်းကောင်း၊ နို့ရည်ဆမ်းထားသော လမ်းကြောင်းကဲ့သို့လည်းကောင်း တွေ့မြင်ရသောကြောင့် နဂါးငွေ့တန်းဟုလည်း ခေါ်ကြသည်။ ယင်းနဂါးငွေ့တန်း ကုဋေပေါင်းများစွားသည် မဟာစကြ၀ဠာသမုဒ္ဒရာကြီးအတွင်းဝယ် လွင့်မျောလျက်ရှိနေကြသည်။ ကျွန်ုပ်တို သူရိယနေမင်းကြီးသည်လည်း ကြယ်တစ်လုံးပင်ဖြစ်ပေရာ မဟာစကြ၀ဠာသမုဒ္ဒရာကြီးနှင့်နှိုင်းစာလျှင် မြူမှုန်တစ်ခုမျှသာဖြစ်သည်။
ဤသို့ကျယ်ပြောလှသော မဟာစကြ၀ဠာ သမုဒ္ဒရာကြီးထဲတွင် ကြယ်တာရာ ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လျက်ရှိနေကြသည်။ ယင်းကြယ်တာရာပေါက်ကွဲမှုများသည်ပင် နေအဖွဲ့အစည်းတစ်ခ အစလည်း ဖြစ်သည်။ ယင်းသို့ပေါက်ကွဲမှု ဖြစ်ပွားရခြင်းမှာ စကြ၀ဠာအတွင် ဓာတ်သဘာဝများ ဖောက်ပြန်ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊ ဂြိုဟ်များတစ်ခုနှင့်တစ်ခု တိုက်ခိုက်မိ၍သော်လည်းကောင်း၊ ယင်းဂြိုဟ်များ၏ အတွင်းဓာတ်သဘာဝ ထကြွယိုယွင်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွားလာရခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် ၄င်းကြယ်တာရာမှာ ဒြပ်ဝတ္ထုအားလုံးသည် အာကာသဟင်းလင်းပြင်တွင် လွင့်စင်သွားတော့သည်။ ယင်းဓာတ်ငွေ့မှုန်များ စုစည်းမိလာသောအခါ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ တိမ်ဆိုင်ကြီး ဖြစ်လာခဲ့ပြန်သည်။ ယင်းဟိုဒြိုဂျင်ဓာတ်ငွေ့ တိမ်ဆိုင်ကြီးမှသည် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့လုံးကြီး ဖြစ်လာပြီးနောက် ကာလတစ်ခုကြာမြင့်လာသောအခါ ကြယ်တာရာသစ်တစ်လုံးအဖြစ် ပြောင်းလဲပေါ်ပေါက်လာခဲ့သည်။ ယင်းကြယ်တာရာကို ဗဟိုပြု၍ ယင်းမှကွဲထွက်လာသော ဂြိုဟ်အရံများကလည်း ၄င်းကြယ်တာရာ၏ ဆွဲငင်အားစက်ကွင်းအတွင်း ၀န်းရံလှည့်ပတ်တည်ရှိနေခြင်းဖြင့် နေအဖွဲ့အစည်းသစ်တစ်ခု တည်ရှိလာတော့သည်။
ယင်ဖြစ်ရပ်မျိုးများစွာသည် မဟာစကြ၀ဠာ သမုဒ္ဒရာအနှံ့ ဖြစ်ပွားနေကြခြင်းဖြစ်သည်။
ပေါက်ကွဲသည့် ကြယ်တာရာက ပေါက်ကွဲ၊ ဓာတ်ငွေ့ တိမ်ဆိုင်ကြီးများ ဖြစ်သည်ကဖြစ်၊ ကြယ်တာရာအသစ်အဖြစ် ပေါ်ထွန်းသည်က ပေါ်ထွန်းနှင့် အစဉ်သဖြင့် ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်း သဘောတို့ကိုသာ ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
ဤတွေ့ရှိချက်များသည် စကြ၀ဠာအနန္တဟူသည့် ဗုဒ္ဓဘုရာရှင်၏စကား သဗ္ဗေ သင်္ခါရာ အနိစ္စာ( အရာအားလုံးသည်..တည်မြဲမှုမရှိ)ဆိုသည့် ဗုဒ္ဓဘုရားရှင်၏ တရားတို့ကို မှန်ကန်ကြောင်း သက်သေခံလျှက် ရှိနေ၏။
အမှန်ကား ကျွန်ုပ်တို့၏ ကမ္ဘာမြေပါဝင်သည့် နေအဖွဲ့အစည်းသည်လည်း လွန်ခဲ့သောနှစ်သန်းပေါင်း ၁၅,၀၀၀ခန့်က ဖြစ်ပေါ်ခဲ့သော ကြယ်တာရာပေါက်ကွဲမှုတစ်ခု၏ ရလဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် အီလီနွိုက်စ်တက္ကသိုလ်မှာ နက္ခတ္တရူပဗေဒပညာရှင် လာရီစမားက “ကျွန်ုပ်တို့အားလုံးသည် ကြယ်ပေါက်ကွဲခြင်းများ၏ မြေးမြစ်များဖြစ် ကြသည်”ဟု တင်စားပြောဆိုခဲ့ဘူးသည်။
ကျွန်ုပ်တို့က လွန်ခဲ့သောနှစ်သန်းပေါင်း ၁၅,၀၀၀ခန့်က ပေါက်ကွဲမှုဟု ဆိုလိုက်သော်လည်း မဟာစကြ၀ဠာ သမုဒ္ဒကြီးအနေဖြင့်မူ ရေပွတ်ပမာ ခဏတာကာလလေးဖြစ်၏။ ကျွန်ုပ်တို့ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်ကလေးများသည် အချိန်တိုင်းတွင်း အဟောင်းများပျက်စီး နေပြီး အသစ်များက အစားထိုး ပေါ်ပေါက်နေသလိုပင် မဟာစကြ၀ဠာ သမုဒ္ဒရာကြီးထဲတွင်လည်း အချိန်တိုင်းတွင် နေအဖွဲ့အစည်းအဟောင်းများ ပေါက်ကွဲ “ပျက်စီး”နေကာ နေအဖွဲ့အစည်းအသစ်များကလည်း “ဖြစ်ပေါ်”လျက် ရှိနေပေသည်။
ကြယ်ဟောင်းတစ်လုံး၏ အဆုံးသတ်မှုသည် ကြယ်သစ်တလုံးဖြစ်ပေါ်ရေးအတွက် ကနဦးအစ ဖြစ်နေသည်။ ကြယ်အသစ်တစ်လုံး ဖြစ်ပေါ်တည်ရှိမှုသည်လည်း ကြယ်အဟောင်းတစ်လုံး ပျက်စီးပေါက်ကွဲခြင်းအတွက် အစဟု ခေါ်နိုင်သည်။ တစ်ချိန်တည်းတွင် ဖြစ်တည်ခြင်းနှင့် ပျက်သုန်းခြင်းတို့ ဖြစ်ပေါ်နေသော မဟာစကြ၀ဠာသမုဒ္ဒရာသည် အချိန်ကာလဆိုသည့် ပညတ်ချက်မှ ကင်းလွတ်နေလေတော့သည်။
စင်စစ်အားဖြင့် လောကကြီးသည် ဖြစ်ခြင်းနှင့်ပျက်ခြင်းဟူသော ဘယ်ဘက်နှင့် ညာဘက်အကြား မှန်မှန်လှုပ်ရှားနေသော နာရီချိန်သီးနှင့်သာ တူ၏။ နာရီလက်တံများက နာရီ၊ မိနစ်၊ စက္ကန့်များကို ညွန်ပြနေလင့်ကစား နာရီချိန်သီးအဖို့မူ ဘယ်နှင့်ညာအကြား စည်းချက်မှန်မှန် လှုပ်ရှားနေခြင်းမှအပ ဘာမျှထူးခြားမှု မရှိပါပေ။
လူသားတို့သည် နာရီးဒိုင်ခွက်ကိုသာ ကြည့်မိကြပြီး နာရီချိန်သီးကို ဂရုမမူမိကြသောကြောင့်သာ အချိန်ကာလဆိုသည့် ပညတ်ချက်ဘောင်အတွင်း ကျရောက်နေခြင်းဖြစ်သည်။ ဖြစ်ခြင်းနှင့်ပျက်ခြင်းအကြား စည်းချက်မှန်မှန် လှုပ်ရှားနေသော လောကကြီးအဖို့ အချိန်ကာလဆိုသည့် ပညတ်ချက်မှ ကင်းလွတ်နေပေရာ အစနှင့်အဆုံးဆိုသည့် ပညတ်စကားများမှာလည်း လောကကြီးတွင် အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပါပေ။
ဤသို့ဆိုလျှင် လောက၏အစသည် အဘယ်နည်း? လောက၏အဆုံးသည် အဘယ်နည်း?ဆိုသော အမေးပုစ္ဆာတို့သည် အဓိပ္ပါယ်ရှိသော အမေးပုစ္ဆာများ ဟုတ်မှန်ပါဦးမည်လော? ရှင်တော်မြတ်ဗုဒ္ဓသည် သူ့ထံလာရောက် လျှောက်ထားမေးမြန်းသော အမေးပုစ္ဆာများအနက်မှ အဓိပ္ပါယ်မဲ့နေသည့် မေးခွန်းများကို အဓိပ္ပါယ်ရှိအောင် ပြုပြင်ဖြေရှင်း ပေးခဲ့ဘူး၏။
တစ်ခါက ရဟန်းတစ်ပါးသည် ဗုဒ္ဓအား “မဟာဘုတ်လေးပါး (မြေ၊ ရေ၊ မီး၊ လေ)သည် အဘယ်အရပ်၌ အကြွင်းမဲ့ချုပ်ငြိမ်းပါသနည်း”ဟု လျှောက်ထား မေးမြန်းခဲ့ရာ ဗုဒ္ဓက “မဟာဘုတ်လေးပါးသည် ဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ပါသနည်းဟုကား ပြဿနာကို မမေးအပ်၊ ဘယ်အရပ်၌ မဟာဘုတ်လေးပါသည် မတည်သနည်း? ဘယ်အရပ်၌ အရှည်အတို၊ အငယ်အကြီး၊ အကောင်းအဆိုးတို့သည် မရှိပါသနည်း? ဘယ်အရပ်၌ နာမ်ရုပ်သည် အကြွင်းမဲ့ ချုပ်ပါသနည်း?ဟုသာ မေးမြန်းအပ်ပေသည်”ဟု အဓိပ္ပါယ်မဲ့နေသော မေးခွန်းကို အဓိပ္ပါယ်ရှိအောင် ပြုပြင်ပေးခဲ့သည်။
ထို့နောက် ဗုဒ္ဓက “မျက်စိဖြင့် မမြင်နိုင်၊ ဖြစ်၊ တည်၊ ပျက် အပိုင်းအခြားလည်းမရှိဘဲ ထက်ဝန်းကျင်မှ သက်ဝင်ရာ ဆိပ်ကမ်းရှိသော ဉာဏ်အထူးဖြင့်သာ သိအပ်သော နိဗ္ဗာန်သည်ရှိ၏၊ ဤနိဗ္ဗာန်၌ မဟာဘုတ်လေးပါးသည် မတည်ကုန်၊ အရှည်အတို၊ အငယ်အကြီး၊ အကောင်းအဆိုတို့သည်လည်း မရှိကုန်၊ နာမ်ရုပ်တို့သည်လည်း အကြွမ်းမဲ့ချုပ်ကုန်၏” (ဒီဃနိကာယ်၊ ကေ၀ဋ္ဋသုတ်)ဟု ပြဿနာကို ဖြေရှင်းပေးခဲ့ဘူးသည်။
လောက၏အစသည် အဘယ်နည်း? လောက၏ အဆုံးသည် အဘယ်နည်း?ဟူသော မေးခွန်း၊ ပုစ္ဆာများမှာလည်း အစဉ်ဖောက်ပြန်ပြောင်းလဲကာ အနှစ်သာရဟူ၍ ဘာမျှမရှိသောလောက၏ အနတ္တသဘော {the nature of impermanence}ကို နားမလည်းသူများ၏ ပုစ္ဆာမှားများသာဖြစ်သည်။ တစ်နည်းဆိုရသော် အနတ္တသဘောကို မသိမြင်သဖြင့် အတ္တ၏အစကို ရှာခဲ့ကြခြင်းဟုလည်း ဆိုနိုင်ပေသည်။ အတ္တ၏အစကို ရှာခြင်းဟူသော ပုစ္ဆအမှားအတွက် ထာဝရဘုရားသခင်က ဖန်ဆင်းသည်ဟုလည်ကောင်း၊ အကြောင်းမဲ့ ပေါ်ပေါက်လာသည်ဟုလည်းကောင်း အဖြေမှားများရရှိခဲ့ခြင်းမှာ မထူးဆန်းချေ။ သို့ဖြစ်ပေရာ-
အနတ္တဝါဒီ ဗုဒ္ဓဘာသာဝင်တို့အနေနှင့်ကား လောက၏အစနှင့် အဆုံးကို ရှာဖွေကြံစည်နေတော့မည် မဟုတ်ဘဲ ဓာတ်ကြီးလေးပါး မတည်ရှိသော၊ အရှည်အတို၊ အကြီးအငယ်၊ အကောင်းအဆိုး မရှိကုန်သော၊ နာမ်ရုပ်တို့ အကြွမ်းမဲ့ချုပ်ငြိမ်းကုန်သော မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း တရားမြတ်ကို ကြံစည်အားထုတ်ခြင်းသည်သာ အဓိပ္ပါယ်ပြည့်ဝသော အလုပ်ဟု အစဉ်ခံယူထားကြရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments: